Monday, May 7, 2018

ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မဖြင့် ကလေးမြို့တွင် အမျိုးသမီးတဦးအား ဖမ်းဆီး

ကလေးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ကလေးမြို့နယ် မင်းလှကျေးရွာနေ အမျိုးသမီးတဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ မေလ (၂) ရက်နေ့က ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်နေတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တပ်ကြပ်ကြီးဝင်းကိုမြတ်က ပြောပါတယ်။



 “ ဖြစ်စဉ်က ကျွန်တော်တို့ဆီကို တရုတ်ပြည်ကနေ ပြန်လာတဲ့ အမျိုးသား (၃) ဦးက လာရောက်တိုင်ကြားထားလို့ ခု လို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်တယ်” လို့ တပ်ကြပ်ကြီးဝင်းကိုမြတ်က ဆိုပါတယ်။

 ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူကတော့ ကလေးမြို့နယ် မင်းလှကျေးရွာနေ မနီသဲ (ခ) မနီးဒွေကျန်း ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး အဲ့ဒီ အမျိုးသမီးက ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့ တိုင်တန်းခဲ့သူ အမျိုးသားများ အပါအ၀င် (၇) ဦးကို တရုတ်နိုင်ငံမှာ အနည်းဆုံး လစာ (၅) သိန်းနဲ့ အလုပ်လုပ်ရန် စည်းရုံးခဲ့ပြီး အခကြေးငွေ တစ်ဦးလျှင် (၂၂၂၀၀၀) ကျပ်နဲ့ ပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့လည်း တိုင်ကြားသူ အမျိုးသားတဦးက ပြောပါတယ်။

တရုတ်ပြည်ကို တရားမ၀င် ပို့ဆောင်ခံရတဲ့ (၇) ဦးမှာ အမျိုးသား (၅) ဦးနဲ့ အမျိုးသမီး (၂) ဦး ပါဝင်ခဲ့ပြီး တရုတ်ပြည်မှာ ရှိတဲ့ မနီသဲ ရဲ့ ညီမဖြစ်သူ မရမ်းသဲက တရုပ်ပြည် ကွမ်းတုံမြို့က ကလေးကစားစရာလုပ်တဲ့ စက်ရုံမှာ အလုပ်သွင်းပေးခဲ့ပြီး အဲ့ဒီကနေ ဆပ်ပြာထုတ်လုပ်ငန်းကို ပြောင်းခဲ့ရပြီး အလုပ်အခကြေးငွေ မရပဲ အဆင်မပြေတာကြောင့် တရုတ်ပြည်နေထိုင်သူ မရမ်းသဲထံ မြန်မာပြည်ပြန်လိုကြောင်းပြောရာ တဦးလျှင် ကျပ် (၉) သိန်း ကို မြန်မာနိုင်ငံမှာ ရှိတဲ့ မနီသဲ ထံ ၄င်းမိဘတွေကို ငွေသွားပို့ရန် ပြောသဖြင့် အမျိုးသား (၃) ဦးရဲ့ မိဘတွေက မနီသဲထံ ငွေ (၉) သိန်းပေးသွင်းကာ မြန်မာနိုင်ငံကို ပြန်လာနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ (၇) ဦးမှာ သုံးဦးသာ ပြန်လာနိုင်ခဲ့ပြီး ကျန် ၄ ဦးကတော့ ငွေ (၉) သိန်း မတတ်နိုင်တာကြောင့် တရုတ်ပြည်မှာ အခက်အခဲဖြစ်နေတဲ့ အတွက် မြန်မာပြည် ပြန်လာခဲ့တဲ့ အမျိုးသား (၃) ဦးက လူကုန်တား ရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့တာဖြစ်တယ်လို့လည်း တပ်ကြပ်ကြီး ၀င်းကို မြတ်က ဆိုပါတယ်။ 

အဲ့ဒီအတွက် ငွေကြေးယူ ပို့ဆောင်ခဲ့သူ ကလေးမြို့နယ် မင်းလှရွာနေ မနီသဲကို တရားဝင် လိုင်စင်မရှိပဲ တဘက်နိုင်ငံကို အလုပ်သမားပို့ဆောင်မှု ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ ဖမ်းဆီး အမှုဖွင့် စစ်ဆေးမှုတွေပြုလုပ်နေပြီး တရုတ်နိုင်ငံ ကွမ်းတုံမြို့မှာ ကျန်နေတဲ့ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၂) ဦးကိုလည် ပြန်လည် ခေါ်ယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။